Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၉)

A+ A-

နယ်အုပ်ရုံးဖွင့်ပွဲပြီးတော့ မြို့အုပ်မင်းတို့က မြို့ပြန်ဖို့ပြင်ကြသည်။ အစကတော့ အစီအစဥ်မရှိသေးပေမယ့် မင်းကတော်လေးက ပစ်တိုင်းထောင်ကို ဒီနှစ်ဟိုက်စကူးပြန်ဖြေစေချင်ကြောင်း၊ ဒင်္ဂါးသာ ခေါင်းညိတ်မယ်ဆိုရင် ဒီမှာမင်္ဂလာဆွမ်းကျွေးပြီး တစ်ခါတည်းခေါ်သွားချင်ကြောင်း အဘနဲ့အစ်မကိုပြောလာသည်။

အဘကလည်း ဒင်္ဂါးရဲ့သဘောထားကိုနားလည်စွာ လူလေးဆန္ဒရှိတဲ့အတိုင်းလုပ်ပါလို့သာ ပြောသည်။ အစ်မငွေမှုန်ကတော့ ဘာပဲဖြစ်ဖြစ် မငြင်းသာမယ့်အတူတူ အခုနေလက်ခံလိုက်ရင် မောင်ငယ်ပစ်တိုင်းထောင်လည်း စာကျက်ချိန်ပိုရလာပေလိမ့်မည် ဆိုတာကတစ်မျိုး၊ မောင်ငယ်က အငယ်လက်မခံမချင်း ပြန်မယ့်ပုံမပေါ်ဘူး ဆိုတာတစ်ဖုံ နားချနေသည်မို့ ဒင်္ဂါးမှာ လူကြီးတွေကောင်းသလိုစီစဥ်ပါ ဟူ၍သာ လက်ခံလိုက်ရတော့သည်။

အခုလည်း ရွာဦးကျောင်းဆရာတော်ဆီမှာ မင်္ဂလာဆွမ်းကပ်ပြီးတာနဲ့ မြို့ပြန်ဖို့ပြင်နေကြသည်ကို မိကဲတို့တစ်စုနဲ့ ကိုဘမော်တို့ကာလတစ်သိုက်က အိမ်ရှေ့မှာ ပစ္စည်းဝိုင်းတင်ရင်း လူစည်နေကြခြင်းပင်။

” ဟ!. မိကဲရာ. ဘယ်နှယ့်ကြောင့် အဲလောက်ငိုနေရတာလဲ… ရွှေဒင်္ဂါးနဲ့တစ်သက်လုံးမတွေ့ရတော့မှာကျနေတာပဲ ”

” ကိုကြီးပစ်တိုင်းထောင်က ခေါ်သွားတဲ့လူဆိုတော့ ပြောအားရှိတာပေါ့… မိကဲတို့က ဒီမှာလွမ်းကျန်နေခဲ့ရမယ့်လူလေ ”

မော်တော်ကားဘေးမှာရပ်ပြီး တရှုံ့ရှုံ့ငိုနေတဲ့မိကဲကို ပစ်တိုင်းထောင်က ခါးနှစ်ဖက်ထောက်ရပ်ကြည့်ရင်းဆိုသည်။

” အောင်မာ. ညည်း အဲသလိုပြောကြေးဆို ငါလည်း ခွေးပုကိုထားခဲ့ရတာပဲလေ ”

” တူမလားလို့. ကိုကြီးပစ်တိုင်းထောင်ရဲ့… တခြားမပြောနဲ့… အသွေးအမွေးပဲယှဥ်ကြည့်ပါဦး… ကိုကြီးပစ်တိုင်းထောင်ယူသွားတာက မိကဲတို့ရွာကသူကြီးသား ဖြူနုနု၊ ဖွေးဥဥလေး… ထားခဲ့တာက အသားမည်းရတဲ့အထဲ ကျီးကန်းကဘဲဥကိုချီချင်နေတဲ့လူမျိုးလေ ”

မိကဲက ကားအနောက်ဘက်မှာ အထုတ်တွေတင်နေတဲ့ ခွေးပုကို မျက်စောင်းတထိုးထိုးနဲ့ ပျစ်ပျစ်နှစ်နှစ်ပြောတော့ ခွေးပုမျက်နှာရှုံ့မဲ့သွားသည်။ အသက်မတိမ်းမယိမ်းအရွယ်လေးတွေမို့ သူကြီးတို့လူကြီးတွေကတော့ ပြုံးပြုံးနဲ့သာ နားထောင်နေတော့သည်။

” ဟမ့်! .. အဲလိုတော့တရားလွန်မပြောပါနဲ့ဟ… နင်တို့တွေ ခိုင်းကောင်းတုန်းကတော့ ကိုခွေးပု၊ ကိုခွေးပုနဲ့နေပြီးတော့ အခုမှ ဘာအချိုးလာချိုးလဲ ”

ပစ်တိုင်းထောင်က သူ့ဝသီအတိုင်းယောက်ျား၊ မိန်းမမရွေး ပြောချင်တာကို မျက်နှာမကြည့်ပဲပြောတတ်သည်။ မိကဲကိုပြောနေရင်းက ကားအနောက်ဘက်က ခွေးပုကိုလှမ်းကျိန်းသေးသည်။

” ဟိုကောင်ခွေးပု… ကိုမင်းမျိုးအဖော်ရအောင် မင့်ကိုထားခဲ့တာနော်… အချိန်ရှိတိုင်း ဒေါ်ဘူးစိန်အိမ်ရောက်နေလို့ကတော့ မြို့ကပြန်လာပြီး မင့်ကိုဖနောင့်နဲ့လာပေါက်မယ် ”

” ဟာ.. ဆျာထောင်ကလည်း မလုပ်ပါဘူးဗျာ့ ”

ခွေးပုက သွားအဖြဲသားနဲ့ ကားအရှေ့ဘက်ကို ထွက်လာသည်။ ပစ်တိုင်းထောင်တို့အကုန်လုံးပြန်သွားရင် ကိုမင်းမျိုးအတွက် လက်တိုလက်တောင်းခိုင်းဖို့ လူရင်းမရှိသေးသည်ကတစ်ကြောင်း၊ ခွေးပုကိုယ်တိုင်ကလည်း ရွာကမခွာနိုင်ဖြစ်နေသည်မို့ ကိုကိုကြီးတို့က ခွေးပုကို ရွာမှာချန်ထားခဲ့ခြင်းဖြစ်သည်။

ပစ်တိုင်းထောင်တို့အိမ်ရှေ့မှာ လှုပ်လှုပ်ရွရွဖြစ်နေတုန်း အစ်မငွေမှုန်က သူ့မောင်ကိုမှာတမ်းခြွေရင်း ပစ်တိုင်းထောင်တို့အနား ရောက်လာသည်။

” အငယ် ကျန်းမာရေးဂရုစိုက်နော်… မောင်ငယ့်ကိုလည်း ဂရုစိုက်ဦး ”

ရွှေဒင်္ဂါးက မနက်ဆွမ်းကပ်တုန်းကဝတ်ထားတဲ့အတိုင်း လည်ကတုံးအဖြူရောင်လက်ရှည်နဲ့ ပိုးပုဆိုးခဲရောင်နဲ့သာ။ နဂိုအခံကိုက တောသားလို့ထင်ရက်စရာမရှိသည်မို့ အခုလိုတောက်တောက်ပြောင်ပြောင် ဝတ်စားလိုက်တော့ နွံနစ်နေတဲ့ပတ္တမြားခဲလေးက အရောင်ထွက်လာသည်။ ပစ်တိုင်းထောင်ကတော့ အပူဓာတ်ခံရှိသူပီပီ လက်ရှည်အင်္ကျီမကပ်နိုင်၍ အစ်မငွေမှုန်ဆင်ပေးထားတဲ့ လည်ဝိုင်းဖျင်အင်္ကျီနဲ့သာ။

” ဟုတ်ကဲ့. အစ်မ… အစ်မလည်း အစစအရာရာ ဂရုစိုက်နော်. လယ်ထဲလည်း ကိုယ်တိုင်မသွားနိုင်ရင် မသွားနဲ့နော်… သွားရင်လည်း တစ်ယောက်တည်းမသွားနဲ့. မိကဲတို့ကိုခေါ်သွား. ပြီးတော့ ကိုသာထင်ဖြစ်ဖြစ်. ကိုဘမော်ဖြစ်ဖြစ် ယောက်ျားသားတစ်ယောက်ယောက်ကို ခေါ်သွားနော် ”

” အင်းပါ. အငယ်ရယ်… အငယ် မှာနေတာ မနေ့ညကတည်းက… အစ်မက အကြီးပါနော် ”

” အကြီးလည်း ကျွန်တော်ကစိတ်ပူတယ်လေဗျာ… အဘကိုလည်း သေချာဂရုစိုက်… ညရေးညတာဆို ကိုခွေးပုတို့ကိုပြောနော် ”

” ကိုမင်းမျိုးတစ်ယောက်လုံးရှိပါတယ်ဗျာ. အစ်ကိုကလည်း… နယ်အုပ်တစ်ယောက်လုံးရှိနေတာကို သူကြီးနဲ့အစ်မငွေမှုန်ကို ဘယ်သူကအန္တရာယ်ပြုရဲမလဲ. မဟုတ်ဘူးလား သူကြီး. နော့ ”

” ဟမ်. အော်. အေးပေါ့ကွ. အေးပေါ့ ”

တစ်ယောက်တစ်လှည့်စီ စိတ်မချမှာတမ်းခြွေနေတဲ့ မောင်နှမနှစ်ယောက်ကို စိတ်ချလက်ချဖြစ်အောင် ပစ်တိုင်းထောင်ဝင်ပြောလိုက်သည်။ သူတစ်ယောက်တည်းပြောရုံနဲ့မပြီးသေး။ သူကြီးကိုပါ အဖော်စပ်သေးသည်မို့ အိမ်အောက်မှာအတူဝိုင်းထိုင်နေကြတဲ့ မင်းမျိုးအပြင် မြို့အုပ်တို့ဇနီးမောင်နှံပါ ပြုံးစစဖြစ်သွားသည်။

သူကြီးကတော့ ဘုမသိ၊ ဘမသိ ရောယောင်ပြီး အင်း လိုက်,လိုက်ပေမယ့် အစ်မငွေမှုန်က ရှက်ရဲရဲနဲ့ ပစ်တိုင်းထောင်ကို မျက်လုံးတစ်ချက်ဝှေ့ကြည့်သည်။ ဘာမှမသိရှာတဲ့ဒူဝေဝေရွှေဒင်္ဂါးလေးကတော့ ပစ်တိုင်းထောင်ပြောတာကို နားထောင်ရင်း ခေါင်းတညိတ်ညိတ်နဲ့ စိတ်အေးသွားပုံ။

” ကဲ. ကဲ. သွားကြတော့… နေလည်းမြင့်လာပြီ. ဟိုရောက်ရင် မိုးချုပ်သွားဦးမယ် ”

သူကြီးက လောဆောသည်မို့ ပစ္စည်းတင်တာကို လတ်စသတ်ရတော့သည်။

” အဘနဲ့ အစ်မကို ကျွန်တော်ကန်တော့ပါရစေ ”

” ကျွန်တော်လည်း ကန်တော့မယ်လေ… အခုကစပြီး အစ်ကိုနဲ့ကျွန်တော်က တစ်သားတည်းဖြစ်သွားပြီ… အစ်ကိုမိဘကလည်း ကျွန်တော့်မိဘပဲ… အစ်ကို့အစ်မကလည်း ကျွန်တော့်အစ်မပဲပေါ့ ”

ဒင်္ဂါးဘေးမှာ ဒူးထောက်ထိုင်ရင်း လက်အုပ်ချီကာပြောလာတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးစိတ်ထဲ တသိမ့်သိမ့်ဖြစ်သွားရသည်။ ပစ်တိုင်းထောင်က အရင်ကလည်း ရိုင်းရိုင်းစိုင်းစိုင်းမဟုတ်ပေမယ့် အခုတော့ ပိုပြီးလိမ္မာလာသည်မလား။

” သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ သားတို့… ဘဝလက်တွဲဖော်ရယ်လို့ ချည်နှောင်လိုက်ပြီးပြီဆိုရင် တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ နားလည်မှုရှိဖို့က အဓိကပဲ… အိမ်ထောင်သည်ဘဝမှာ သံယောဇဉ်နဲ့ မေတ္တာကပိုအရေးကြီးတယ် လူလေးတို့… ယုံကြည်မှုတွေနဲ့ ရှေ့ဆက်ကြပေါ့ ဟုတ်ပလား ”

” ဟုတ်ကဲ့. အဘ ” ” ဟုတ်ကဲ့ပါ. အဖေ ”

” ဟေ ”

ပစ်တိုင်းထောင်ဆီက အဖေ ခေါ်သံကြားတော့ သူကြီးအပါအဝင် ခြံထဲမှာရှိသူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

” အဟမ်း!.. ဘာလို့အဲလိုပုံတွေဖြစ်သွားကြတာလဲ… သူကြီးက အစ်ကို့အဖေ ကျွန်တော့်ယောက္ခထီးပဲလေ… အဖေလို့ခေါ်တာ ဆန်းလို့လား ”

” ဟုတ်တာပေါ့. ဟုတ်တာပေါ့ မမကြီးမောင်ငယ်ပြောတာ မှန်တာပေါ့ကွယ် ”

ပစ်တိုင်းထောင်ကတော့ သူ့မူပိုင်အတိုင်း ဟန်ပါပါပြောလိုက်ပေမယ့် ကျန်သူများကမလိုက်နိုင် စဥ်းစားနေကြတုန်းက မမကြီးက စကားဝိုင်းကို ပေါ့ပေါ့ပါးပါးနဲ့ ဝင်ဆက်လိုက်တော့မှ အကုန်လုံး သူညိတ်ငါညိတ်နဲ့ ခေါင်းတလှုပ်လှုပ်ဖြစ်ကုန်ကြသည်။

” ဒါဖြင့်ရင် ကျွန်တော်တို့သွားလိုက်ပါဦးမယ်. သူကြီး… အကြောင်းတစ်ခုခုရှိရင်ဖြစ်ဖြစ် ဒင်္ဂါးကိုတွေ့ချင်တာဖြစ်ဖြစ် တယ်လီဖုန်းသာဆက်လိုက်… ကျွန်တော်တို့မလာနိုင်ရင်တောင် ညီငယ်တို့ကိုလွှတ်လိုက်မယ်ဗျာ ”

” ရပါတယ် မြို့အုပ်မင်းရယ်… အဘက ဒီရွာမှာနေသူပဲ. အထွေအထူးမလိုအပ်ပါဘူး… အဘသားငယ်ကိုသာ မြို့အုပ်မင်းတို့ဆီကို အပ်ပါတယ်… သားငယ်က အနေအေးပေမယ့် ဖင်ပေါ့ပါတယ် “

သူကြီးက မြို့အုပ်မင်းထံကို သားငယ်ကိုအပ်ရှာလေတော့ ပစ်တိုင်းထောင်အသံက ဝေါခနဲထွက်လာသည်။ 

” ဟာ. အဖေကလည်း… ကျွန်တော်က အစ်ကို့ကိုမခိုင်းစားပါဘူးဗျာ… အိမ်ရောက်ရင် ဒီအတိုင်းအလှထိုင်ကြည့်မှာပါဗျာ့ ”

” ပစ်တိုင်းထောင်ကလည်း ဘာတွေလျှောက်ပြောနေတာလဲ ”

” ဘာဖြစ်လို့လဲ. မှန်ရာပြောတာပဲကို အစ်ကိုကလည်း ”

မျက်နှာရဲရဲရှက်နေရှာတဲ့ ဒင်္ဂါးလေးရယ်၊ ဘွင်းဘွင်းရှင်းရှင်းနဲ့ ပြောချင်ရာပြောတတ်တဲ့ပစ်တိုင်းထောင်ရယ်ကိုကြည့်ပြီး သူကြီးအိမ်မှာတသောသောနဲ့ ပွဲကျနေတော့သည်။

>>>>>>>>>>

” အစ်ကို အဆင်ပြေရဲ့လား ”

တလိမ့်လိမ့်သွားနေတဲ့ကားနောက်ခန်းမှာ ဒင်္ဂါးတစ်ယောက် မူးနောက်နောက်နဲ့ပါလာရသည်။ ပြောမယုံကြုံမှသိ ဆိုသလို ရွာဘုရားပွဲသွားတုန်းက ပစ်တိုင်းထောင်လှည်းမူးတဲ့ဝေဒနာကို အခုပိုကာ ကိုယ်ချင်းစာမိသည်။

” ဒင်္ဂါးလေးအဆင်ပြေရဲ့လား… မမကြီးတို့ ကားခဏရပ်ပေးရမလား ”

” ရပါတယ်ဗျာ့… ကျွန်တော် သံပုရာသီးရှုလိုက်ရင် အဆင်ပြေပါတယ် ”

မမကြီးကလည်း စိုးရိမ်တကြီးနဲ့ အနောက်ကိုလှည့်တကြည့်ကြည့်ဖြစ်နေသည်ကြောင့် ဒင်္ဂါးမှာ အားနာရပြန်သည်။ ကိုယ့်ကြောင့်နဲ့ခရီးဖင့်မှာကိုလည်း စိုးသည်။

” အစ်ကိုအဆင်မပြေရင် ကျွန်တော်တို့လှည်းနဲ့ပဲလိုက်ကြမလား. ဟင်. လှည်းနဲ့သွားလည်း အဆင်ပြေပါတယ် ”

” ရပါတယ်. ပစ်တိုင်းထောင်ရဲ့… လှည်းနဲ့ဆိုတော့ အချိန်ပိုကြာပြီး လူပိုပင်ပန်းပါတယ်. ကျွန်တော် အဆင်ပြေပါတယ် ”

မျက်စိမျက်နှာပျက်နေတဲ့ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာ ရင်ထဲတလိမ့်လိမ့်တက်နေတဲ့ အော်ဂလီဆန်မှုတွေကြားထဲက တငြိမ့်ငြိမ့်လေးဖြစ်ရသေးသည်။ လူတစ်ဦးတစ်ယောက်ဆီက အချစ်ခံရခြင်းက ဒီလိုလေးပါလား ဆိုတာကိုတွေးမိကာ ခပ်ယဲ့ယဲ့ပြုံးသည်။

” လာ. ကျွန်တော့်ကိုမှီထားလိုက်… အဆင်မပြေရင်ပြောနော် ”

ပြောလည်းပြောရင်း လက်တစ်ဖက်က ဒင်္ဂါးပခုံးကိုဆွဲဖက်ကာ ရင်အုပ်ကျယ်ကျယ်ထဲကို ခေါင်းဖေးမလို့ မှီခိုစေသည်။ မရင်းနှီးတဲ့အထိအတွေ့ဆိုသော်ငြားလည်း ထိုလူက ပစ်တိုင်းထောင်ဖြစ်နေသည်မို့ ဒင်္ဂါးမှာလုံခြုံသလို ခံစားရသည်။

ဝုတ်~ ဝုတ်~

” ဖေ့သမီးတွေ မဆူရဘူး… လိမ္မာတယ်မလား… ဒီမှာ သမီးတို့ဖေဖေလေးအိပ်ပျော်နေတယ်… သမီးတို့က ငြိမ်ငြိမ်လေးနေနော်… ခဏနေ ဖေတို့အိမ်ပြန်ရောက်တော့မှာ ”

မိစွာနဲ့မိုက်မိုက်စန်း အသံထွက်လာတော့ ဒင်္ဂါးအိပ်တစ်ဝက်၊ နိုးတစ်ဝက်အခြေအနေကနေ အသိစိတ်အပြည့်ပြန်ဝင်လာသည်။ သူ ပစ်တိုင်းထောင်ကိုမှီပြီး အိပ်ပျော်သွားခဲ့သည်။ ပစ်တိုင်းထောင်ရဲ့ ခပ်တိုးတိုးဟန့်သံကိုကြားလိုက်ရတော့ ဒင်္ဂါးမျက်လုံးမဖွင့်ရသေးပေမယ့် နှုတ်ခမ်းအစုံက ကွေးညွတ်သွားသည်။

ပစ်တိုင်းထောင်၏ သူ့သမီးအပေါ်ထားတဲ့အချစ်ကတော့ နက်ရှိုင်းလွန်းလှသည်။ အစ်မငွေမှုန်ပြောဖူးတာကို ဒင်္ဂါးအမှတ်ရသွားသည်။ သတ္တဝါတွေအပေါ်မှာ စာနာစိတ်နဲ့ချစ်ပေးနိုင်တဲ့လူတွေက နှလုံးသားနူးညံ့ကြတယ်တဲ့။ ပစ်တိုင်းထောင်က အပြင်ပန်းကမာချင်ယောင်ဆောင်ထားတဲ့ ကြက်ဥမြေပဲနဲ့တူသည်တဲ့လေ။ ဒီစကားက မှန်သည်ထင်ပါရဲ့။ ဒင်္ဂါးကိုမေတ္တာရှိကြောင်းပြောပြီးတဲ့နောက်ပိုင်းမှာ ပစ်တိုင်းထောင်ရဲ့အပြုအမူတွေက နူးညံ့ညင်သာလာတာ ငြင်းလို့မရ။ ဒီလိုဆိုတော့ ပစ်တိုင်းထောင်က အစ်မငွေမှုန်ပြောသလို ကြက်ဥမြေပဲ ဟုတ်သည်ပေါ့။

” နိုးသွားတာလား အစ်ကို ”

” ဟင်. အင်း. နိုးတစ်ဝက် အိပ်တစ်ဝက်ပါပဲ ”

” ခေါင်းနောက်နေသေးလား ”

” သက်သာသွားပါပြီ ”

” အင်း . ခဏနေရင် အိမ်ရောက်တော့မယ် ”

ညနေစောင်းဆိုပေမယ့် မမှောင်သေးတာကြောင့် ဒင်္ဂါး ကားထဲကနေအပြင်ဘက်ကိုကြည့်လိုက်သည်။ ကိုယ် တစ်သက်လုံးနေခဲ့တဲ့ရွာဓလေ့နဲ့ခြားနားစွာ အိမ်ကြီးရခိုင်တွေက လမ်းတစ်ဖက်တစ်ချက် ခန့်ခန့်ထည်ထည်။

ဒင်္ဂါးတို့အိမ်ကလည်း ရွာမှာဆိုကြီးကျယ်ခမ်းနားတဲ့အထဲပါပေမယ့် မြို့ကအိမ်ကြီးအိမ်ကောင်းတွေနဲ့ယှဥ်လိုက်တော့ မှေးမှိန်သွားသည်။ ကြည့်နေတုန်းမှာပဲ သက်တမ်းရင့်တဲ့ကုက္ကိုပင်တွေ စီစီရီရီရှိနေတဲ့လမ်းသွယ်တစ်ခုထဲကို ကားလေးက ချိုးဝင်သွားသည်။

အုတ်နီနီတွေနဲ့ ဗြိတိသျှဟန်ကို မြန်မာမှုနဲ့တွဲစပ်ကာဆောက်ထားတဲ့ အိမ်တွေသာတွေ့ရသည်။ ခြံဝင်းတွေကလည်း ကြီးလိုက်တာမှ ခြံတစ်ခြံက ဒင်္ဂါးတို့ရွာကဆယ်အိမ်စုလောက်ကိုကျယ်သည်။ ရောင်စုံပန်းခင်းတွေရှိသလို အရိပ်ရအပင်ကြီးတွေလည်း များစွာရှိသည်။ ခြံတစ်ခုရှေ့ရောက်တော့ ကားရပ်သွားပြီး ခြံတံခါးပွင့်လာသည်။

” ကဲ. ရောက်ပါပြီဗျာ့… ကျွန်တော်တို့ရဲ့အိမ်ကနေ အစ်ကို့ကိုကြိုဆိုပါတယ်. သမော်တီးတို့ရေ. အိမ်ရောက်ပါပြီ ”

ဒင်္ဂါးကိုလည်းပြောရင်း ကားနောက်ဘက်ခုံထဲက သူ့သမီးနှစ်ယောက်ကိုလည်း လှမ်းမြူလိုက်သေးသည်။

” မြို့အုပ်တို့ ဒီနေ့ပြန်လာမယ်ပြောလို့ အရီးချိုတို့က အစောထဲကမျှော်နေတာ… အမေကြီးကတောင် နေ့လယ်ကအိမ်ဘက်တစ်ခါလာသေးတယ် ”

” ကျွန်တော်တို့က နေ့ဆွမ်းကပ်ပြီးမှလာတာဆိုတော့ ညနေစောင်းမယ်ဆိုတာမပြောလိုက်ရဘူးဗျာ “

ကားရပ်တော့ မြို့အုပ်မင်းအနားအပြေးလာကြိုရှာတဲ့အဒေါ်ကြီးက ဒင်္ဂါးကိုတွေ့တော့ အာမေဋိတ်သံထွက်သွားသည်။

” အို! ဒီကလေးလေးလား ”

” ဟုတ်ပဗျာ… အရီးချိုတို့အငယ်ဆုံးလေးရဲ့နှလုံးသားလေးပေါ့ဗျာ. အဟား ”

” ကိုကိုကျော်ရယ်. ကလေးတွေကိုရှက်အောင်လို့ ”

မြို့အုပ်မင်းက စစနောက်နောက်နဲ့ဆိုလေတော့ ဒင်္ဂါးမျက်နှာဘယ်ထားရမှန်းမသိ။ ဒါကိုရိပ်မိတဲ့မမကြီးက အပြုံးနဲ့ဆိုလာသည်။

” ကျွန်တော်ကတော့ မရှက်ပါဘူး… တကယ်လည်း ကျွန်တော့်နှလုံးသားရွှေဒင်္ဂါးလေးပဲကို ”

သမီးနှစ်ယောက်ကို ကားပေါ်ကချီချပြီး သူတို့အိမ်မှာသွားထားပြီး ပြန်လာတုန်း ကိုကိုကြီးတို့က အစ်ကို့ကိုဝိုင်းစနေသည်မို့ ပစ်တိုင်းထောင်ကဘေးမှာဝင်ရပ်ပြီး ပခုံးကိုခပ်သာသာဖက်လို့ မော်ချီကာဆိုလိုက်သည်။

” အမလေး… သိပါ့တော်. သိပါ့… အိမ်ထောင်ပြုချင်လို့ မောင်ကျော်ကျော်ဟန့်ဆီက ရှင်လေး အေးဓားပြလာတိုက်သွားတဲ့အမွေအကြောင်းကို ကျွန်မကသိပါ့တော်ရေ ”

အရီးချိုက ပြောပြောဆိုဆိုနဲ့ အထုတ်တွေဆွဲရင်း ရယ်မောကာအိမ်ထဲဝင်သွားတော့သည်။ ကိုကိုကြီးနဲ့ မမကြီးကလည်း အနောက်ကနေလိုက်သွားသည်မို့ အပြင်မှာပစ်တိုင်းထောင်တို့သာ ကျန်နေခဲ့သည်။

” ပစ်တိုင်းထောင်. မင်းက တော်တော်ဆိုးဆိုးပဲနော် ”

” ကျွန်တော်က အစ်ကိုဆုံးမရင် လိမ္မာမယ့်ကလေးပါဗျာ… ဘဝတစ်ခုလုံး ပုံအပ်တယ်နော်… အစ်ကိုကဆိုရင် ကျွန်တော်ကချိုပြီးသားပဲ ”

တစ်ချိန်လုံးဟောက်လိုက်၊ ငေါက်လိုက်သာလုပ်လာခဲ့သူမို့ ပစ်တိုင်းထောင်ဆီက ဒီလိုစကားတွေကြားရတော့ ဒင်္ဂါးမှာ ပါးစပ်အဟောင်းသားနဲ့ မျက်လုံးလေးကလယ်ကလယ်။

” မင်း ဒီလိုတွေပြောတတ်တာ ငါလည်းမသိရပါလား ”

” ကျွန်တော်လည်း မသိခဲ့ဘူး… အစ်ကိုနဲ့တွေ့မှပဲ ပြောထွက်လာတာ ”

သူ့စကားဆုံးတော့ တစ်ယောက်တစ်မျက်နှာကြည့်ကာ ဘာဆက်ပြောရမှန်းမသိ။ အဆုံးတော့ နှစ်ယောက်သားရယ်မိကြတော့သည်။

>>>>>>>>>>

” အစ်ကို. ရေချိုးတော့မလား… ကျွန်တော် ရေဖွင့်ထားခဲ့တယ် ”

” ဟင်. အင်း . ချိုး. ချိုးမယ်လေ ”

ဒင်္ဂါး ယူလာတဲ့ပစ္စည်းတွေကို နေရာချရင်း အခန်းထဲက နှစ်ယောက်အိပ်ခုတင်ကြီးကိုကြည့်ပြီး စိတ်ထဲမဝံ့မရဲဖြစ်နေတုန်း ပစ်တိုင်းထောင်က ရေချိုးပြီးတော့ ရေလဲပုဆိုးသာဝတ်ထားပြီး ခေါင်းပေါ်တဘက်အုပ်လျက် အခန်းထဲဝင်လာသည်။

ရွာမှာလည်း တစ်ခန်းတည်းအတူနေကြတာမို့ ဒီအခြေအနေက အထူးအဆန်းမဟုတ်ပေမယ့် ဆန်းသည့်ခုတင်ကျယ်ကြီးကြောင့် ဒင်္ဂါးမျက်နှာက မီးရောင်အောက်မှာ ခပ်ရဲရဲဖြစ်လာသည်။ ရွာမှာတုန်းက တစ်ယောက်တစ်ထောင့်စီအိပ်ကြသည်ကိုး။

” ဘာဖြစ်လို့လဲ အစ်ကို… နေမကောင်းဘူးလား ”

” ကောင်း. ကောင်းပါတယ် ”

လက်ရဲဇက်ရဲနဲ့ ပစ်တိုင်းထောင်လက်ဖဝါးအေးအေးက ဒင်္ဂါးဆီရောက်လာသည်။

” ဒါဖြင့် မျက်နှာကဘာလို့နီနေတာလဲ ”

” ပူ. ပူ. ပူလို့ပါ… ပူလို့. ရေသွားချိုးလိုက်ဦးမယ်နော်… ပစ်တိုင်းထောင် အရင်အိပ်ချင်ရင် အရင်အိပ်နှင့်နော်… ကျွန်တော့်ကိုမစောင့်နဲ့ ”

ထစ်ထစ်အအပြောကာ အခန်းအပြင်ထွက်သွားသူကြောင့် ပစ်တိုင်းထောင်မှာ သဘောကျစွာ ရယ်မိတော့သည်။

ရွှေဒင်္ဂါးလေးဟာ အပြောနဲ့အလုပ်ညီစွာပင် ရေသွားချိုးတာ တော်တော်နဲ့ပြန်မလာတော့။ အစကတော့ ပစ်တိုင်းထောင် အခန်းထဲမှာစောင့်နေသေးပေမယ့် ညမှောင်နေပြီမို့ ကြာတော့စိတ်ပူလာ၍ ရေချိုးကန်ဘက်ကို လိုက်လာခဲ့သည်။

ဟော… တွေ့ပါပြီ။ အုတ်ကန်ဘေးမှာ ထိုင်လို့ကျောပေးထားတဲ့ ကျောပြင်ဖွေးဖွေးလေးကြောင့် ပစ်တိုင်းထောင်စိတ်ထဲမချင့်မရဲ။ ယောက်ျားလေးဆိုပေမယ့် အနေအထိုင်သိုသိပ်လှတဲ့ရွှေဒင်္ဂါးက ရေချိုးချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ စွပ်ကျယ်နဲ့ပင်မနေဖူးပါ။

” အစ်ကို ”

” ဟင်. ပစ်တိုင်းထောင် ”

” ဘာလို့ အဝတ်တွေလျှော်နေတာလဲ… မနက်ကျ အရီးတို့လျှော်မှာပဲကို… မှောင်နေပြီလေဗျာ ”

” လူကြီးကို မလျှော်ခိုင်းချင်ပါဘူး… ပြီးတော့ ကျွန်တော်က အိမ်မှာလည်း လျှော်နေကျပဲကို အပန်းမကြီးပါဘူး ”

ပစ်တိုင်းထောင်ကိုလည်းပြောရင်း လက်ကလည်းအဝတ်တွေဖွတ်ရင်း လုပ်နေသည်။

” ဟာ. အဲဒါကျွန်တော့်အင်္ကျီမလား ”

ရေတွေလောင်းပြီးဆေးနေတဲ့အင်္ကျီကို သတိထားမိ၍ မေးလိုက်တော့ ခေါင်းညိတ်ပြသည်။

” ဟုတ်တယ်လေ ”

” ကျွန်တော့်အင်္ကျီတွေပါ ဘာလို့လျှော်နေတာလဲ… မလျှော်ရဘူး… ပေး ဒီကို ”

” အဝတ်လျှော်တာပဲကို ဘာဖြစ်လို့လဲ… ပစ်တိုင်းထောင်ရဲ့အဝတ်ကို ကျွန်တော်လျှော်ပေးတာက သဘာဝကျပါတယ် ”

” မလျှော်ရ.. ဟင်~ အစ်ကို ဘာပြောလိုက်တာ ”

ထင်မထားတဲ့စကားကိုကြားလိုက်ရတာကြောင့် ပစ်တိုင်းထောင်မှာ ရေစိုနေတဲ့အင်္ကျီကိုလုနေရင်းက ရပ်သွားသည်။ ရွှေဒင်္ဂါးကတော့ ပစ်တိုင်းထောင်အမေးကို ပြန်မဖြေတော့ပဲ အဝတ်ကိုသာဆက်လျှော်နေတော့သည်။

ရင်ထဲမှာလိပ်ပြာတစ်ထောင်လောက်ပျံသန်းနေတဲ့ ပစ်တိုင်းထောင်ကတော့ မျက်နှာထက်ကအပြုံးကို မဖုံးနိုင်မဖိနိုင်ဖြစ်နေတော့သည်။

” ပြောမရရင်လည်း လျှော်ဗျာ… ကျွန်တော် ရေခပ်ပေးမယ် ”

” ဟို. နေပါစေ… ပစ်တိုင်းထောင်က ရေချိုးပြီးသားကြီးကို. စိုကုန်ပါမယ် ”

” စိုတော့လည်း ထပ်ချိုးလိုက်တာပေါ့ဗျာ… နောက်ဆို အစ်ကိုနဲ့ပဲ ရေအတူတူချိုးတော့မယ်. နော်. နော်လို့ ”

” မချိုးချင်ပါဘူး ”

” ဘာလို့လဲ ”

” … ”

” ဘာလို့လဲလို့… မဖြေရင် ရေနဲ့ပက်မှာနော် ”

” ဟား… ပစ်တိုင်းထောင်. မလုပ်နဲ့လို့. ဆပ်ပြာတွေမစင်သေးဘူး. မလုပ်နဲ့ဆို “

” လုပ်မှာပဲ… အဟား. အစ်ကိုက ကြွက်ကလေးဖြစ်နေပြီ “ 

နှစ်ယောက်သားရေချိုးကန်မှာ ရေချိုး၊ အဝတ်လျှော်နေရင်း ဆော့နေကြသည်ကို ခင်ခင်နဲ့ ကိုကိုကျော် အိမ်ထဲကလှမ်းကြည့်ရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။

” ခင်ခင် မပြောဘူးလား. ကိုကိုကျော်… မောင်ငယ်က သူချစ်တဲ့သူတွေ့လာရင် လိမ္မာလာမှာပါလို့ ”

” ဟုတ်ပါပြီဗျာ… ကိုကိုကျော်လည်း မပြောခဲ့ဘူးလား… ကိုကိုကျော်တို့အမျိုးက သိပ်ချစ်တတ်ပါတယ်ဆိုတာကို ”

” ကိုကိုကျော်နော် ”

ကျော်ကျော်ဟန်ပြောတော့ ကြင်သူသက်ထားက မျက်စောင်းလေးဝင့်ကာ ခပ်တိုးတိုးဆိုလေတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၀-၉-၂၀၂၄)

ကဲ. တစ်ရွာသားလေးကို ပဝါပါးနဲ့ထုပ်သိမ်းပြီး မြို့ပြန်ခဲ့ပြီမို့ နှုတ်ဆက်ဖို့အချိန်တန်ပါပြီရှင့်

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၉), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၉), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၉) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၉) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၉) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၉) light novel, ,

Comment

Leave a Reply

Chapter 57